ရထားတစ်စင်းက အခြားတစ်စင်းကို ၀ှက်ထားလိမ့်မယ်
ကဗျာတစ်ပုဒ်ထဲမှာ
ရထားတစ်စင်းကအခြားတစ်စင်းကို ဖြတ်သွားရင် ကွယ်နေသလိုမျိုး
တစ်ပါဒက အခြားတစ်ပါဒကို ကွယ်နေလိမ့်မယ်။
ရထားလမ်းကို ကူးသည့်အခါ
တစ်စင်းပြီး တစ်စင်းသေချာကြည့်ပြီးမှ
ကူးခြင်းသည် လုံခြုံသော လမ်းကူးခြင်းမျိုးဖြစ်သလို
ကဗျာဖတ်တဲ့အခါလည်း တစ်ပါဒပြီး တစ်ပါဒ
သေချာကြည့်ပြီးမှ ဖတ်ရှုခြင်းဟာ
လုံခြုံသော စာဖတ်နည်းဖြစ်ပါတယ်။
မိသားစုတစ်ခုထဲမှာ
ညီမတစ်ယောက်က အခြားအမတွေကို ၀ှက်ထားသလိုမျိုး
ဒါမှမဟုတ် ခင်ဗျားက မိန်းကလေးဆိုရင်
အဖေနဲ့အကိုတွေက ခင်ဗျားရဲ့ ဖူးစာရှင် အစစ်အမှန်ကို
ဝှက်ထားသလိုမျိုး
တကယ့် ကတ္တားတွေ ကံတွေ ခံစားမှုတွေ စိတ်ကူးတွေကို
အခြားသော စားသားတွေက ၀ှက်ထားလိမ့်မယ်။
ဆုတောင်းတစ်ခုက ဆုတောင်းများစွာကို ၀ှက်ထားလိမ့်မယ်
တစ်စုံတစ်ယောက်ရဲ့ ကျော်ဇောမှုက အခြားသူများရဲ့ ကျော်ဇောမှုတွေကို ၀ှက်ထားလိမ့်မယ်
မွှေးကြိုင်သော ပန်းတစ်ပွင့်က ပန်းခြံကြီးတွေကို ၀ှက်ထားလိမ့်မယ်။
အချစ်မှာတော့
ပြသနာလေးတစ်ခုက အခြားသော ပြသနာကြီးများကို ၀ှက်ထားလိမ့်မယ်
ကျွန်တစ်ယောက်က အခြားသော ကျွန်များရဲ့ ဒုကတွေကို ၀ှက်ထားလိမ့်မယ်
ရေချိုးကန်တစ်ခုက အခြားရေချိုးကန်တစ်ခုကို ၀ှက်ထားလိမ့်မယ်
အဲ့ဒီကန်မှာ ရေချိုးပြီး အပြင်ထွက်လိုက်တော့ မိုးမိသွားသလိုမျိုး
မမျှတမှုတစ်ခုက အခြားသော မမျှတမှုများစွာကို ၀ှက်ထားလိမ့်မယ်
အတွေးအခေါ်တစ်ခုက အခြားအတွေးအခေါ်တွေကို ၀ှက်ထားလိမ့်မယ်။
တကယ့်ဘ၀က ရိုးရှင်းလွန်းပါတယ်
ကွယ်ဝှက်ထားတဲ့ ဘ၀တွေကသာ ဂတ်ထရုစတိန်းရဲ့စာသားတွေလို
ရှုတ်ရှပ်ခက်နေလိမ့်မယ်။
စာကြောင်းတစ်ကြောင်းက သူ့ထက်ပိုကောင်းတဲ့ နောက်တစ်ကြောင်းကို ၀ှက်ထားလိမ့်မယ်
အပေါ်ယံ တစ်ကြောင်းနဲ့တင်းတိမ်ပြီး ဘာလို့ဟိုဘက်ကို ဆက်မကူးကြတာလဲ။
စမ်းသပ်ခန်းတစ်ခုမှာ
တီထွင်မှုတစ်ခုက အခြားတစ်ခုကို ၀ှက်ထားလိမ့်မယ်။
ညနေခင်းတစ်ခုက အားလုံးသော ညနေခင်းတွေကို ၀ှက်ထားလိမ့်မယ်
တောင်ကြားလမ်းလေးကို ငေးမောကြည့်လို့
ဒီနေရာလေးမှာ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမတို့ နေသားတကျဖြစ်နေပြီ
ဘ၀တစ်ခုက အခြားတစ်ယောက်ရဲ့ဘ၀ကိုဝှက်ထားလိုက်တဲ့အခါ
သူမက စွန့်ခွာသွားပြီး ကျွန်တော်တစ်ယောက်တည်း တောင်ကြားလမ်းလေးကိုငေးလို့။
ဧဒင်ဥယျာဉ်ကြီးထဲမှာ
အာဒံနဲ့ ဧ၀တို့က တကယ့်အာဒံနဲ့ ဧ၀တို့ကို ၀ှက်ထားလိမ့်မယ်
ဂျေရုစလင်က တကယ့်ဂျေရုစလင်ကို ၀ှက်ထားလိမ့်မယ်။
သစ်တစ်ပင် ခြေရင်းမှာဝိုင်းဖွဲ့ထိုင်နေတုန်း
သူငယ်ချင်းတစ်ယောက်က အခြားသူငယ်ချင်းများကို ၀ှက်ထားလိမ့်မယ်
ထပြီးထွက်သွားလိုက်ပါ အဲ့ဒီတော့မှ
သူတို့တွေ အားလုံးပြန်လည်စုစည်းပြီး သင့်မကောင်းကြောင်းတွေကို ပြောနေလိမ့်မယ်။
ဆရာဝန်တစ်ယောက်၊ ဆရာတစ်ယောက်၊ မူးယစ်ဆေးဝါးတစ်မျိုး၊ ခွေးတစ်ကောင်၊
ဖျားနာခြင်းတစ်မျိုး၊ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက် တို့က
အခြား တစ်မျိုး တစ်ခု တစ်ကောင် တစ်ယောက်တို့ကို ၀ှက်ထားလိမ့်မယ်။
ထူချွန်တဲ့ အမေတွေက သုံးစားလို့မရတဲ့ သမီးတွေကို ၀ှက်ထားပြီး
အဲ့ဒီသမီးတွေက သူတို့ရဲ့ ထူးချွန်တဲ့ သမီးတွေကို ၀ှက်ထားတယ်။
သူတို့အားလုံး ကိုယ်စီကိုယ်ငအိတ်တွေနဲ့
သမီးတွေကိုင်တဲ့ အိတ်က မိဘတွေအိတ်ထက်ကြီးပြီး
အားလုံးရထားလမ်းကူးဖို့ တစ်စင်းပြီး တစ်စင်း သေချာကြည့်နေကြတယ်။
ရထားတစ်စီး ဖြတ်ပြီးသွားလို့ အန္တာရယ် မရှိတော့ဘူးဟု အထင်နဲ့
စိတ်ချလက်ချ လမ်းမကူးလိုက်ပါနှင့်
အဲ့ဒါ သိပ်အရေးကြီးပါတယ်
သင့်ကို အခြားရထားတစ်စင်းက တိုက်ဖို့အဆင်သင့် ရှိနေပြီးသားပါ
ဒါကြောင့် လုံခြုံစိတ်ချလောက်တဲ့ အတိုင်းအတာ တစ်ခုထိ
စိတ်ရှည်လက်ရှည် စောင့်ပြီးမှ
ရထားလမ်းကို ကူးပါ ။ ။
မြေမှုန်လွင်
Kenneth Koch ၏ One Train May Hide Another ကို တိုက်ရိုက်ကူးပြောင်းခြင်း မျိုးမဟုတ်ဘဲ
ဆီလျော်အောင် ပြန်ဆိုပါသည်။

